Tuesday, January 26, 2016

အမေ့ဂုဏ်ရည်


 အမေ့ဂုဏ်ရည်

********

၁။သေမင်းကိုအသက်အပ်ခါ

ခက်ခဲစွာမွေးဖွားခဲ့ရတဲ့သားဦးမို့

အချစ်ပို အပြစ်မဆိုဘဲ

နို့ချိုတိုက်ကျွေး မွေးမြူခဲ့တဲ့အမေ . . .


၂။အရုပ်လိုတစ်မျိုး အိမ်သာလိုတစ်လှည့်

အသုံးပြုခဲ့ပါသော်လည်း

အပြုံးမပျက်ခဲ့တဲ့အမေ. . .


၃။ဖခင်မရှိတော့တဲ့သားကို

ဖခင်လိုတစ်မျိုး မိခင်လိုတစ်ခါ

သားလေးအားမငယ်ရဖို့

တစ်ယောက်တည်း ပြုစုစောင့်ရှောက်ကာ

ပညာသင်ကြားပေးခဲ့တဲ့အမေ . . .


၄။ဆင်းရဲ့ဒုက္ခ ရောက်နေပါသော်လည်း

ကြီးမြင်းခြင်းသို့ ရောက်လာတဲ့သားကို

အလုပ်အကိုင်ခိုင်းရန် အကြံမျှ မဖြစ်

လူလောကရဲ့ အပြစ်တွေကို ညွှန်ပြကာ

လောကအကျိုး သာသနာအကျိုး

နောင်သံသရာအကျိုး အတွက်

သာသနာတော်မှာပျော်မွေ့စေဖို့

ချော့တစ်ခါ ခြောက်တစ်လှည့်

ဆုံးမသွန်သင် လမ်းညွှန်ပေးခဲ့တဲ့အမေ . . .


၅။စာမေးပွဲတွေ အကြိမ်ကြိမ် ကျရှုံးလို့ 

စိတ်ဓါတ်တွေ တဒုန်းဒုန်း ကျနေတဲ့သားကို

``အောင်ခြင်း ရှုံးခြင်းပညတ်တွေနောက်

သားရဲ့မောဟအာရုံရောက်နေရင်

လောဘမီး ဒေါသမီးတွေအောက်

ဘဝပျောက်နေမှာပေါ့

လျှောက်သင့်တဲ့လမ်းကို ဆက်လျှောက်နေပါငါ့သား။


၆။သို့သော် …

အမေ့ဆန္ဒ မေ့မျှော်လင့်ချက်ထဲမှာ

သားရဲ့အောင်မြင်မှု ကျရှုံးမှုတွေ မပါဘူး

နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်သမိုင်းဝင်ဝတ်ရုံကို

မြတ်နိုးယုယစွာ ဆင်မြန်းဝတ်ရုံနေတဲ့

ငါးသားအသွင်လေးကို မြင်နေရတာကပဲ

အမေ့ရဲ့ဆန္ဒနှင့် အမေ့ရဲ့မျှော်လင့်ချက်ပါ-လို့

ကျေးရွာဇနပုဒ်က

သမိုင်းမဝင် အမေတစ်ယောက်ရဲ့စကားကို

သမိုင်းဝင် အမေများနေ့ အကြိုအဖြစ်

ကာရန်မညီ ကဗျာတစ်ပုဒ်လုပ်ကာ

အမေ့ဂုဏ်ရည်- အမည်သညာတပ်ပြီး

ဖော်ထုတ်ရေးသားလိုက်ပါတယ်အမေ .. .. ..


တက္ကသိုလ်စာသင်သား